01 September, 2011

မျိုးစေ့မှန်၍ အပင်သန်၏

ဟီဂျရီ ၁ရာစု ခန့်တွင် ဘာသာ တရားကိုင်းရှိုင်းသော လူငယ်လေးတစ်ဦးရှိခဲ့သည်။ သာသနာ့ ပညာကို ခုံမင်စွာ လိုက်စားနေသူလည်း ဖြစ်သည်။ သို့သော်လည်း သူ့ထံတွင် စားသောက်ဖို့ပင် ပိုက်ဆံမရှိလောက်အောင်  ဆင်းရဲချို့တဲ့ ရှာသည်။ တရက် ဆာလောင်မွတ်သိပ်လွန်းသဖြင့် နေအိမ်မှထွက်လာခဲ့သည်။ ဆာဆာလောင်လောင်ဖြင့် လျှောက်လာရင်း လမ်းဆုံး တစ်ခု တွင် ပန်းသီးပင်များစိုက်ပျိုးထား သော ဥယျာဉ်ခြံတစ်ခု ကိုတွေ့လေသည်။ ထိုခြံအတွင်းရှိ ပန်းသီးပင် မှ အကိုင်းအလက် တစ်ခုသည် လမ်းမပေါ်သို့ တွဲလောင်းကျနေလျှက်ရှိသည်။ ဆာလောင်မွတ်သိပ်နေသော လူငယ်လေးသည် ပန်းသီးကို ကြည့်ပြီ စိတ်ထဲတွင် ဤသို့ပြောနေလေသည်( ဒီပန်းသီး ခူးစားလိုက်ရရင် အဆာပြေသွားမှာပဲ။ ပိုင်ရှင်လည်း မြင်တာမှ မဟုတ်တာ။ ပန်းသီး တစ်လုံးလောက်နဲ့တော့ သူလည်း ဘာမှ မနစ်နာနိုင်ပါဘူးလေ)ဟု စဉ်းစားဆုံးဖြတ်ကာ ပန်းသီးတစ်လုံးကို ခူးပြီး ကျကျနန ထိုင်စားလေတော့သည်။ ထို့နောက် အိမ်ပြန်ရောက်တော့  မိမိကိုယ်ကို မိမိ အားမလို အားမရဖြစ်ပြီး အပြစ်တင်ပါလေတော့သည်။(ငါ လား မွတ်စလင်မ် ?ငါလား မုအ်မင်န် ? သူတပါး ပိုင်သော ပစ္စည်း ကို ပိုင်ရှင်ခွင့်ပြုချက် မရှိဘဲ ငါ စားမိရက်လေခြင်း။ ငါ့ ကိုယ် ငါ ခွင်မလွတ်နိုင်အောင် ဖြစ်ရလေပြီး) ဟု နောင်တ ကြီးစွာဖြင့် ဥယျာဉ်ခြံပိုင်ရှင်ကို လိုက်ရှာပါလေတော့သည်။
ခြံရှင်ကိုတွေ့လေသော် လူငယ်လေးက (ဦးကြီး ကျွန်တော်သည် မနေ့က အရမ်းဆာလောင်လွန်းသဖြင့် လမ်းပေါ်တွဲကျနေသော ပန်းသီးတစ်လုံးကို ခူးစားမိသည်။ ကျွန်တော့် အားခွင့်လွတ်ရန် အနူးအညွတ်တောင်းပန်ပါသည်။ )ထိုအခါ ခြံရှင်က ( မဖြစ်နိုင်ဘူး ။လုံးဝ မင်းကိုခွင့်မလွတ်နိုင်ဘူး ။ကောင်းမှု ၊မကောင်းမှု တရားစီရင်ရာနေ့ မှာ  မင်းနဲ့ငါ စာရင်းရှင်းကြတာပေါ့) လူငယ်လေး လည်းငိုယိုပြီးတောင်းပန်လေသည်။ ဦးကြီးသာ ခွင့်လွတ်ပေးမည်ဆိုပါ က ဘာပဲခိုင်းခိုင်း လုပ်ပေးမည်ဟု ငိုယိုပြီးပြောနေလေသည်။ သို့သော်လည်း ခြံရှင်သည် လုံးဝ အရေးမလုပ်ဘဲ ထွက်သွားလေသည်။ လူငယ်လေး လည်း အနောက်မှလိုက်ကာ ငိုငိုပြီး ခွင့်လွတ်ပေးရန် တောင်းပန်နေလေသည်။ သို့နှင့် ခြံရှင်လည်း အိမ်ထဲဝင်ပြီး  အိမ်တံခါးပိတ်လိုက်လေသည်။  ညနေ  ခြံရှင် အပြင်ထွက်ရန် အိမ်တံခါးဖွင့်သောအခါ  လူငယ်လေးသည် မပြန်သေးပဲ မျက်နှာတပြင် လုံး  မျက်ရည်ရွှဲရွဲစိုလျက် ရပ်စောင့်နေဆဲပင်။ ခြံရှင်ထွက်လာသော အခါ လူငယ်လေးက ( ဦးကြီး အသင်သာ တကယ်ခွင့်လွတ်ပေးမည် ဆိုပါက ဒီခြံထဲ တွင် လုပ်အားခ မယူပဲ အခိုင်းအစေအဖြစ် ကျွန်ုပ် သက်တမ်းတခုလုံး အလုပ်လုပ်ပေးပါ့မည်။ သို့သာမက ဦးကြီး သဘောရှိလည်း ခိုင်းနိုင်ပါသည်။ )
အတန်ကြာ စဉ်းစားပြီးနောက် ခြံရှင် အဖြေပေးလေသည်။( ဒါဆိုရင် တော့ ခွင့်လွတ်ပေးလို့ ရပါတယ်။ ဒါပေမယ့် စည်းကမ်းချက် တစ်ခုတော့ရှိတယ်။ မင်း ငါ့သမီး ကိုလက်ထပ် ရမယ်။ ငါ့ သမီးက မျက်မမြင် နားမကြား၊ ဆွံ့အ နေတယ်။ ဒါ့အပြင် ခြေလည်း မသန်တော့ ထိုင်နေရတယ်။ ငါလည်း သင့်တော်မယ် သူကို ရှာနေတာ မင်း သဘောတူမယ်ဆိုရင် တော့ မင်းကို လုံးဝ ခွင့်လွတ်ပေးမယ်။) လူငယ်လေးလည်း ခြံရှင်တောင်းဆိုမှု ကိုကြားပြီး မည်သို့ဆုံးဖြတ်ရမည်ကိုပင် မသိတော့ပေ။ တွေးပင် မတွေးဝံ့ပေ။ သက်တမ်းတလျှောက်လုံး ဒီလိုဒုက္ခိတနဲ့ လက်တွဲသွားဖို့ဆိုသည် မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ အဆုံး၌ ဆုံးဖြတ်ချက် ချရလေသည်( ငါသည် ပိုင်ရှင်ခွင်ပြုချက် မရှိသော ပန်းသီးတစ်လုံးကို စားခဲ့မိသဖြင့် ဒီလောက ၌ပင် ကြုံတွေ့လာသော ဒုက္ခဟူသမျှတို့ကို စိတ်ရှည်သီးခံပြီး ပေးဆပ်လိုက်ခြင်းသည်သာ သင့်လျော်လှသည်။ )
 ထို့နောက် ခြံရှင် ထံလျှောက်သွားပြီး (ဦးကြီး သမီးကို လက်ထပ်ရန် ကျွန်တော် သဘောတူပါသည် )ဟုပြောလိုက်လေသည်။ ထိုအခါ ခြံရှင်က ( ကောင်းပြီ လာမယ့် ကြာသာပတေး နေ့မှာ ငါ့အိမ်မှာ မင်္ဂလာပွဲ ကျင်းပမယ်။ အားလုံးငါတာဝန်ယူပြီး လုပ်ပေးမယ်။) ကြာသာပတေးနေ့ ရောက်လာ သောအခါ လူငယ်လေးသည် သတို့သား တို့၏တက်ကြွ မှုမျိုး မရှိဘဲ လေးလံသော ခြေလှမ်း တို့ဖြင့်
မျက်မမြင်၊ခြေမသန်၊ ဆွံအ ၊နားမကြား ဒုက္ခိတကို လက်ထပ်ရန် စိတ်နှလုံးကြေကွဲစွာဖြင့် ရောက်လာလေသည်။
ခြံရှင်လည်း လူငယ်လေးကို မြင်တော့ (လာခဲ့ သား။ သမီးအခန်းကို သွားကြမယ်။ သားနဲ.သမီး အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေ။  အိမ်ထောင် သက်တမ်းတလျှောက်လုံး အရှင်မြတ် ကောင်းချီးပေးတော်မူပါစေ) ဟု ဆုတောင်းပေးလျှက် သမီးအခန်းသို့ခေါ်လာလေသည်။ အခန်းတံခါး ဖွင့်လေသော် လူငယ်လေးသည် မိမိမျက်စိကိုပင် မယုံချင်လောက်အောင် နတ်သမီးတပါးကဲ့သို့ ချောမော လှပလွန်းသော မိန်းမပျိုက( အတ်စလာ မုအလိုင်းကွမ် ယောက်ျား)ဟု စလာမ်ဆိုလေသည်။ လူငယ်လေးလည်း သူ့သမီး ဒုက္ခိတပါဟု ပြောဆိုခဲ့သော သူမအဖေ၏စကား ကိုပြန်လည်ကြားယောင်ကာ မှင်သက်နေမိသည်။ မိန်းမပျိုလည်း အခြေအနေကို သုံးသပ်မိသဖြင့် လူငယ်လေးအနီးသို့ လှမ်းလာကာ လက် ကို နမ်း၍ ဆိုလေသည်( ကျမ မျက်လုံးအစုံ သည် မျက်စိကန်းနေသူကဲ့သို့ပင် တရားတော်မှ တားမြစ်ထားသော အရာများကို မကြည့်ခဲ့ပေ။ နားမကြားသူကဲ့သိုပင် ဟရာမ်များကို နားမထောင်ခဲ့ပေ။ ဆွံအ နေသူကဲ့သို့ ဟရာမ် ဖြစ်သော အရာများကို မဆိုခဲ့ပေ။ ခြေမသန် သူကဲ့သို ဟရာမ်ဖြစ်သော နေရာများကို မသွားခဲ့ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်မတိုင်ခင် ကတည်းက တစ်ဦးတည်းသော သမီး ဖြစ်သူ ကျမအတွက် သင့်တော်သူ ကို အဖေရှာဖွေနေခဲ့သည်။ ပန်းသီးတစ်လုံးကို စားမိသဖြင့်  ခွင့်လွတ်ပေးရန်  အသင် လာရောက်တောင်းပန်သောအခါ အဖေပြောလေသည်( သမီးအတွက်သင့်တော်သော အိမ်ထောင်ဖက်သည် ထိုသူငယ်ပင်။ ဆာလောင်လွန်း၍ စားခဲ့မိသောပန်းသီး တစ်လုံးအတွက် ဘ၀ကို စတေးပြီး  မွတ်စလင်ပီသလိုခြင်း ၊အရှင်အမြတ်အမိန့် နာခံလိုခြင်း ဟူသော သစ္စာကို စောင့်ထိန်းလိုသူပင်။)
တစ်နှစ်ခန့်ကြာသော်  လူ့လောကသို့ ရင်သွေးလေး တစ်ဦးရောက်ရှိလာပါတော့သည်။ ထိုရင်သွေးသည်ကား
ထောင်စုနှစ်ချီ၍ ယနေ့တိုင် လျှမ်းလျှမ်းတောက် ကျော်ကြားနေခဲ့သော အစ္စလာမ့်ဓမ္မသတ်ပညာရှင် သူတော်စင်ကြီး အေမာမ်အဘူ ဟနီဖွါပင်။
قال الله تعالى : ﴿ وَمَنْ يَتَّقِ اللهَ يَجْعَل لَّهُ مَخْرَجَاً ، وَيَرْزُقْهُ مِنْ حَيْثُ لَايَحْتَسِبُ ﴾ [ سورة الطلاق ، الآيتان : 2 ،
ကျမ်းတော်မြတ်ကုရ်အာန်( (စင်စစ်သော်ကား မည်သူမဆို အလ္လာဟ် အရှင်မြတ် အမိန့်ပညတ်ဟူသမျှ ကို မှန်ကန်သော ရည်စူးချက်ဖြင့် နာခံကျင့်သုံးပြီး ၊အရှင် တားမြစ်ထားသော အရာအားလုံး ကို အမှန်တကယ် ရှောင်ကျဉ်သူဖြစ်သော် ၊ ထိုသူအဖို့ ထွက်မြောက်ရာနည်းလမ်းကို ပြုလုပ် ပေးသနားတော်မူပေမည်။ ထိုမှတပါး ထိုအရှင်မြတ်သည် ထိုသူအား ထိုသူ မထင်သောနေရာမှ စားနပ်ရိက္ခာကို ချီးမြှင့် ပေးသနားတော်မူပေမည်။))